Pages

Sunday, May 13, 2012

ကောင်းကင်တမန်၏ တန်ခိုးရှိသောလက်

ည။
တိတ်ဆိတ်တဲ့ည။
ရင်ကို ခုန်စေတဲ့၊ ကြည်နူးစေတဲ့ည။
ရသဓတ်ရောင်များဖြင့်  စီကုန်းထားသော စာလုံးများရဲ့ဆွဲခေါ်ရာနောက်ကို လွင့်မျောလိုက်ပါသွားနေရတဲ့ည။
ဒီလိုညမျိုးကို ကျွန်မသိပ်ချစ်ပါသည်။



ဖယောင်းတိုင် မီးရောင်ပြပြက ကျွန်မကို ထွေးပွေ့ထားပြန်သည်။ ထို့ပြင် ကျွန်မချစ်ရတဲ့ စာအုပ်များကပေးတဲ့ အနမ်းများကိုလည်း တသိမ့်သိမ့်ဆွတ်ခူးနေရတဲ့ည။ ဒီလိုညမျိုးကို အိပ်ပြစ်လိုက်ဖို့ ကျွန်မ နှမျောနေမိတတ်သည်။


“သမီး အိပ်တော့လေ...”

စာကျက်သည်ဟုဆိုကာ ဖယောင်းတိုင်မီးထွန်းပြီး အိပ်ပျော်သွားမည့် မြေးဖြစ်သူရဲ့အဖြစ်ကို စိုးရိမ်တတ်သည့် တဖက်ခန်းမှ အဖွားက  ကျွန်မအား လှမ်း၍ သတိပေးတတ်သည်။

"အင်၊ အင်... သမီးစာကြည့်နေတာပါ အိပ်မပျော်ပါဘူး”

သို့သော် တခါတရံတွင်တော့ အဖွားစိုးရိမ်သလို ဖယောင်းတိုင်မီးရောင်အောက်၌ စာအုပ်ဖတ်ရင်း မိုက်ကနဲ အိပ်ပျော်သွားတတ်ပါသည်။



၁င၁င၁င



“ဝုန်း၊ ဒိုင်း၊ ခလောင်း”

အသံလှိုင်းများက တိတ်ဆိတ်နေသည့် ညယံကို  ဖြိုခွင်းလှုပ်ခတ်လိုက်သည်။
ကျွန်မခန္ဓာကိုယ်တစ်ခုလုံးလည်း ထိုအသံများနှင့်အတူ တစ်စုံတစ်ယောက်က အားနှင့်တွန်းထုတ်လိုက်သည့်အလား  အဝေးသို့ လွှင့်စင်ကျသွားသည်။ သို့သော် အိပ်တဝက် နိုးတဝက်နှင့် အသိအာရုံက တဝှဲလည်လည် ရှိနေဆဲ။

“ဝုတ၊် ဝုတ်၊ ဝုတ်”
ခွေးဟောင်သံက ဆက်တိုက် ထွက်ပေါ်လာပြန်သည်။ ထို့နောက်

“ဝေါ..ဝူး...”

ဆိုင်ကယ်စက်နိုးသံ၊ အရှိန်နှင့်မောင်းထွက်သွားသံများက ခွေးဟောင်သံကို ဖုံးလွမ်းသွားတော့သည်။

“ဟဲ့ သူဟာသူနေနေတဲ့ ခွေးကိုခဲနဲ့ မပေါက်နဲ့လေ၊ ဘယ်ကကောင်တွေ လက်ကမြင်းကျောထနေကြတာလဲ”
စကားကို ဖွင်းဖွင်းရှင်းရှင်းပြောတတ်တဲ့ အဖွားရဲ့အသံကြောင့် နိုးတဝက်ဖြစ်နေရာမှ  ကောက်ကနဲထထိုင်မိတော့သည်။




မှိုင်းပြပြမီးရောင်အောက်၌ မှုန်ဝါးဝါး မျက်လုံးများကို စူးရှသွားစေသည့် အရာများကတော့ စိန်ပွင့်များအလား တလက်လက်ပြူးထနေသည့် ပြတင်းကွဲ မှန်စများပင်။ ပြတင်းပေါက်စွန်းနှင့် ခုတင်၏ဘယ်ဘက်ခြမ်းအပိုင်းက တတန်းတည်းဖြစ်ပါသည်။ ပြတင်းကွဲအပိုင်းအစများက ခုတင်ဘယ်ဘက်ခြမ်း ခေါင်းအုံးပေါ်၌ မွစာကြဲလျက်ရှိနေတော့သည်။

“အဖွားရေ အဖွားလုပ်ပါအုံး၊ ခွေးကိုခဲနဲ့ပေါက်တာမဟုတ်ဘူး။ သမီးအခန်းရဲ့ ပြတင်းပေါက်ကို ခဲနဲ့ပေါက်သွားတာ”

ကျွန်မရဲ့ အလန့်တကြား အော်သံများကြောင့် တအိမ်လုံး နိုးထလာပါသည်။ အမေနှင့် အဖေသည်လည်း အိမ်အပေါ်ထပ်မှ စိုးရိမ်တကြီးနှင့် ပြေးလာကြသည်။

“သမီး ဘာဖြစ်သွားသေးလဲ”

အမေက ရေအေးတခွက် လှမ်းပေးကာ ကျွန်မကို ထွေးပွေ့ထားလိုက်သည်။

“သမီး..သမီးဘာမှမဖြစ်ပါဘူး”

ဘာမှအဖြစ်ပါဘူးဟုဆိုလိုက်သည့် စကားလှိုင်းသံများကြား တဒိတ်ဒိတ် ရင်ခုန်သံ  စည်းချက်လိုက်သံများက ပိုညံနေသရောင်။




၁င၁င၁င




"ဒီကောင်တွေ တော်တော်ဆိုးတာပဲ"

 အဖေက အိမ်အပြင်ထွက်ပြီး အခြေအနေသွားကြည့်ရာမှ ပြန်လာ၍ ပြောလိုက်ခြင်းဖြစ်သည်။

“ဘုရားသခင်ကွယ်ကာလို့ သမီးဘာမှဖြစ်မသွားတာ ကျေးဇူးတော်ချီးမွမ်းရမယ်”

အမေ့အပြောကို ကျွန်မခေါင်းညိတ်ထောက်ခံလိုက်သည်။ထို့နောက်

“ဟုတ်တယ်အမေ၊ အမေသိရဲ့လား...သမီးအိပ်ခါစက ခုတင်ရဲ့ဘယ်ဘက်ခြမ်းအပိုင်းမှာအိပ်တာ။ ခုမှန်ကွဲစတွေရှိနေတဲ့ ခေါင်းအုံးပေါ်မှာပဲ စာအုပ်ဖတ်ရင်း ခဏလှဲရာက အိပ်ပျော်သွားတာ”

ကြောက်လန့်မှုများမှ အနည်းငယ်အနည်ထိုင်စ ပြုလာပြီမို့ ကျွန်မမှာ ဖြစ်စဉ်များကို အိမ်သားများအား ခရားရေလွတ်ပြောပြတော့သည်။ စားပွဲပေါ်၌ တင်ထားသည့် လက်တစ်ဆစ်လောက်ကျန်နေသေးသည့် ဖရောင်းတိုင်က ကျွန်မပြောသမျှကို ထောက်ခံသည့်အလား။



“သိပ်အံ့သြဖို့ကောင်းတာကလေ...ခဲပေါက်သံ၊ ဆိုင်ကယ်မောင်းပြီး ထွက်သွားတဲ့ အသံတွေကြားလို့ သမီးလန့်နိုးလာတော့ ခုတင်ညာဘက်ရဲ့ ခြေရင်းနားမှာ ကွေးကွေးလေး မှောက်လျက်ဖြစ်နေတာ။ သမီးကို တစ်ယောက်ယောက်က အားနဲ့တွန်းထုတ်လိုက်သလိုပဲ။ သမီးအိပ်ရင် ခုလို ခုတင်တခြားတဘက်ရောက်အောင် နေရာရွှေ့တတ်တာလည်းမဟုတ်ဘူး။ အဲတာဘယ်လိုကဘယ်လို အဲဒီဘက်ရောက်သွားလဲ စဉ်းစားလို့မရဘူး”

“ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေက သမီးကို ကွယ်ကာပေးလိုက်တာပေါ့”

အမေက မှန်ကွဲစများကို ရှင်းပေးနေရင်း ကျွန်မကို ပြောလိုက်သည်။ ခေါင်းအုံးပေါ်မှ မှန်ကွဲစများရှင်းလင်းသွားပေမယ့် ကျွန်မခေါင်းထဲမှာတော့ အတွေးစများက စတင်ဖြန့်ကျဲလို့နေပေပြီ။



ကျောင်း၌ စည်းကမ်းတင်းကျပ်တိကျလှသော အဖေ့ကို ကျောင်းသားဆိုးတစ်ချို့ချောင်း၍ခဲနှင့်လာပေါက်ခြင်းဖြစ်မည်ဟု ကျွန်မတို့ ယူဆလိုက်ကြပါသည်။ ထိုသို့လာပေါက်ရန် မည်သည့်အချိန်ကတည်းက ညညရောက်လျှင် အိမ်အပြင်၌ လာချောင်းနေသည် မသိပါ။ နောက်မှကျွန်မရေးရေးလေး ပြန်ကြားရောင်လာမိသည်။ ညနက်သည်အထိဖရောင်းတိုင်မီးထွန်း၍ စာကြည့်နေစဉ် တခါတရံ ညများ၌ဆိုင်ကယ်မောင်းထွက်သွားသံများ ဗြုန်းစားကြီး  ကြားမိတတ်သည်။ လမ်းသွားလမ်းလာများ၏ သမားရိုးကျ ဆိုင်ကယ်တွန်းလာရာမှ  မောင်းထွက်သွားခြင်းဖြစ်မည်ဟု ကျွန်မ ရိုးရှင်းစွာ တွေးထင်ခဲ့မိသည်။ ခဲပေါက်ရန် ကြံစည်နေသူများက မီးလင်းနေသည့် ကျွန်မ၏ အခန်းကို အဖေအခန်းဖြစ်မည်ဟု ယူဆ၍ လက်စွမ်းပြသွားကြခြင်းဖြစ်ပေသည်။


မည်ကဲ့သို့ဖြစ်ပါလေစေ ကောင်းကင်တမန်၏ တန်ခိုးရှိသောလက်တစ်စုံ၏ ကွယ်ကာပေးမှုကြောင့်ကျွန်မကတော့အန္တရယ်ကြားမှ လွတ်မြောက်ခဲ့ရပါပြီ။ ညစဉ်မိသားစုဆုတောင်းဝိုင်းလေးမှ ရွတ်ဖတ်သော ကျမ်းချက်များမှာ ကျွန်မတို့ဘဝထဲ၌ သက်ဝင်လှုပ်ရှားနေကြောင်း ဤညအဖြစ်လေးအားဖြစ်သိလိုက်ရပါသည်။

 ၁၂၁ခုမြောက်သောဆာလံကျမ်း၃-၅
သင်၏ ခြေကို ချော်စေခြင်းငှါ အခွင့်ပေးတော်မမူ၊၊ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ၊၊
 အကယ် စင်စစ် ဣသရေလအမျိုးကို စောင့်သောသူသည် ငိုက်မျည်းအိပ်ပျော်ခြင်း ရှိတော်မမူ၊၊
 ထာဝရဘုရား သည် သင့်ကို စောင့်တော်မူ၏၊၊ ထာဝရဘုရားသည် သင်၏ လက်ျာဘက်၌ရှိသော သင်ခိုလှုံရာအရိပ် ဖြစ်တော်မူ၏။
၉၁ခုမြောက်သောဆာလံကျမ်း၅-၆
  ညဥ့်အခါ ဖြစ်တတ်သော ဘေးကို၎င်း၊ နေ့အချိန်၌ ပစ်သောမြားကို၎င်း၊
မှောင်မိုက် ထဲမှာ လည်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကို၎င်း၊ သင်သည် မကြောက်ရ။ 



 
၉၁ခုမြောက်သောဆာလံကျမ်း၁၁-၁၂
သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။


အမေကျက်ခိုင်းခဲ့သော ကျမ်းချက်လေးများက ညနက်နက်၌ သက်ဝင်ကာ လက်တွေ့ဇတ်လမ်းတစ်ပုဒ် အသွင်ပြောင်းခဲ့ပေပြီ။ ဒံယေလကို ခြင်္သေင့်္တွင်းထဲမှ လွတ်မြောက်အောင် ခြင်္သေင့်္များ၏ ပါးစပ်ကို ပိတ်ပေးခဲ့သောကောင်းကင်တမန်များသည် ဘုရားသခင်ကို ယုံကြည်အားကိုးသူများအား အမှန်တကယ်ပင် အန္တရယ်များကြားမှ ကွယ်ကာပေးနိုင်ကြောင်း လက်တွေ့သိမြင်ခဲ့ရပါပြီ။ 

အကြောင်းနှင့် အကျိုးဆက်စပ်လို့မရသည့်အဖြစ်ဟု ကျွန်မကို မည်သူပြောနိုင်မည်နည်း။ မျက်နှာပေါ်သို့ ကျလာမည့် မှန်ကွဲစများ၏ဘေးမှ ကျွန်မကတော့ လွတ်မြောက်ခဲ့ပေပြီ။ ကောင်းကင်တမန်၏ တန်ခိုးရှိသောလက်တစ်စုံက ကျွန်မအနား၌ ကွယ်ကာပေးရန် အဆင့်သင့်ရှိနေကြသည်။ ထို့ကြောင့် ကျွန်မဘာကို ကြောက်ရအုံးမည်နည်း။

မကြာခင် ရောင်နီလင်းတော့မည်။ ဤညအဖြစ်အပျက်ကို မနက်ရောက်လျှင် သူငယ်ချင်းများအား ပြန်၍သက်သေခံရန် ကျွန်မစိတ်လောကြီးနေမိတော့သည်။

No comments:

Post a Comment