ချင်းပြည်နယ်၌ အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်ဖွင့်လှစ်ပြီးပါက နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ဖလမ်း (ဆူရ်ဘုန်) မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ကလေးမြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းမည်

ချင်းပြည်နယ်၌ အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်ဖွင့်လှစ်ပြီးပါက နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ဖလမ်း (ဆူရ်ဘုန်) မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ကလေးမြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းမည်
ဖလမ်း (ဆူရ်ဘုန်) ၌ အမျိုးသားလေကြောင်းလိုင်း၏ ATR72-600 လေယာဉ် စမ်းသပ်ဆင်းသက်စဉ်
ဖလမ်း (ဆူရ်ဘုန်) ၌ အမျိုးသားလေကြောင်းလိုင်း၏ ATR72-600 လေယာဉ် စမ်းသပ်ဆင်းသက်စဉ်
Published 28 October 2020
ရွှန်းလဲ့ဝင်း

ချင်းပြည်နယ်၌ အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်ဖွင့်လှစ်ပြီးပါက နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ဖလမ်း (ဆူရ်ဘုန်) မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ကလေးမြို့များသို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်များပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် တည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းတည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ATR 72-600 လေယာဉ်ဖြင့် စမ်းသပ်ဆင်းသက်စစ်ဆေးမှုအား အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ချင်းပြည်နယ်သည် ကုန်းလမ်းတစ်ခုတည်းကိုသာ အားကိုးနေရသဖြင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် တောင်ပေါ်မြေပြန့် ဖွံ့ဖြိုးမှု ကွာဟချက်မရှိစေရန် ပေခြောက်ထောင်ကျော်တွင် ပထမဆုံးတည်ဆောက်သည့် လေဆိပ်တစ်ခုဖြစ်ကြောင်း သိရသည်။

“ အခုက ဆူရ်ဘူန်လေဆိပ် တည်ဆောက်ရေးက ပြီးစီးတဲ့ ATR လေယာဉ်နဲ့ စမ်းသပ်ဆင်းသက်တာပါ။ လေဆိပ်ဖွင့်လှစ်ပြီးတဲ့အခါကျရင်တော့ နိုင်ငံပိုင်လေကြောင်းလိုင်းအနေနဲ့ ဖလမ်း(ဆူရ်ဘုန်) ကနေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ကလေးမြို့တွေကို တိုက်ရိုက်လေကြောင်း ခရီးစဉ်တွေ ပျံသန်းဖို့ စီစဉ်ထားပါတယ်” ဟုမြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Capt သန်းထွန်းက ပြောကြားသည်။

ဖလမ်းလေဆိပ်သည် ချင်းပြည်နယ်၏ အလယ်ပိုင်းတွင်တည်ရှိပြီး ဖလမ်းလေဆိပ်မှ ဖလမ်းမြို့၊ လုံပီးတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ရိဒ်ရေကန်စသည့် ချင်းပြည်နယ်ရှိ မြို့များမှ ဖလမ်းလေဆိပ်နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ်လေဆိပ်များသို့ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာသွားလာနိုင်ရန် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဖလမ်း (ဆူရ်ဘုန်) လေဆိပ်သစ်ကို ချင်းပြည်နယ် ဖလမ်းမြို့ ဆူရ်ဘုန်တောင်ကြော ဖလမ်းမြို့၏ အနောက်မြောက်ဘက် ၈ ဒသမ ၅ မိုင်အကွာတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၆၀၀၀ ၌ တည်ဆောက်ထားပြီး လေယာဉ်ပြေးလမ်းမှာ အလျား ၆ဝဝဝပေ၊ အကျယ် ၁ဝဝပေ၊ ပြေးလမ်းအမျိုးအစားမှာ Flexible Pavement ၊ ပြေးလမ်းအရှိန်သတ်စွန်း Overrun မှာ အလျား ၂၀၀ ပေ၊ အကျယ် ၁၀၀ ပေ၊ လေယာဉ်ရပ်နားနေရာမှာ အကျယ် ၂၅၀ ပေ၊ အကျယ် ၂၅၀ ပေ၊ ပြေးလမ်းခံနိုင်ရည်အားမှာ ၅၁၀၀၀ ပေါင် (23000Kg) ဖြစ်ပြီး ATR 72-500, ATR 72-600 လေယာဉ်များ ဆင်းသက်အသုံးပြုနိုင်မည် ဖြစ်သည်။

ထို့ပြင် Streel Structure များဖြင့် တည်ဆောက်ထားသော တစ်ထပ်ခွဲလေဆိပ် အဆောက်အအုံမှာ ခရီးသည် ၂၅၀ ခန့်ကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး လေဆိပ် အဆောက်အအုံကို ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီအောင် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ဖလမ်းဆူရ်ဘုန်လေဆိပ် စီမံကိန်းကို ငွေကျပ် ၃၄ ဒသမ ၁၉၁ ဘီလျံ အကုန်အကျခံ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးတစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဖလမ်း (ဆူရ်ဘူန်) လေယာဉ်ကွင်းသစ်အား တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဖလမ်းလေဆိပ်မှ ဖလမ်းမြို့၊ လုံပီးတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ရိဒ်ရေကန်စသည့် ချင်းပြည်နယ်ရှိ မြို့များကို ဖလမ်းလေဆိပ်နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ်လေဆိပ်များသို့ အချိန်တိုအတွင်း သွားလာနိုင်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent