ဗုဒ္ဓဟောခဲ့တဲ့ ကမ္ဘာနဲ့ Science ကပြောတဲ့ကမ္ဘာတူလား?

ဗုဒ္ဓရဲ့တရားတွေနဲ့ Science အကြောင်းရေးလာတာ ၄ပိုင်းရှိပါပြီ။
ဒါကြောင့် ထွေထွေထူးထူး နိဒါန်းချီမနေတော့ပါဘူး။ စိတ်ရှင်းရှင်းထားပြီး ဖတ်ပေးဖို့ပဲ ပြောချင်ပါတယ်။

ဗုဒ္ဓက ကမ္ဘာမြေတည်နေပုံကို ဟောခဲ့ပါတယ်။
“မြေထုနှင့်ရေထုကို လေထုကြီးက ပင့်မ သယ်ဆောင်ထားသည်။ ဤလေထုကြီး၏အောက်တွင် အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ကြီးတည်ရှိသည်။
ဤကမ္ဘာသည် အထက်ကောင်းကင်၊ အောက်ကောင်းကင် ၂ခုအကြားတွင် တည်ရှိနေသည်။ လေထုကသယ်ဆောင်ထားသောကြောင့် လေ၏သဘာဝအတိုင်း ရွေ့လျားမှုရှိနေမည်။
လ စသော အခြားဂြိုလ်များကဲ့သို့ အာကာသတွင်းမှာ တွဲလွဲတည်ရှိနေသည်။ ဤကမ္ဘာမြေအောက်တွင် မီးဟုန်းဟုန်းတောက်လောင်နေသော သံမြေများ၊ ကျိုက်ကျိုက်ဆူပွက်နေသော ရေများ ရှိသည်။”

Science နဲ့မချိတ်ခင် ဒီစာကို အရင်ရှင်းရမှာပါ။
မြေထုနှင့်ရေထုကို လေထုက ပင့်ထားတယ်ဆိုတာ ဘယ်လိုကြီးလဲလို့ မေးစရာရှိပါတယ်။ တကယ်ဆို ပြောင်းပြန်ဖြစ်သင့်တာမဟုတ်ဘူးလား။

လေထုရဲ့အောက်မှာ အဆုံးမရှိတဲ့ကောင်းကင်ကြီး ရှိတယ်လို့ဆိုပါသေးတယ်။ ဒါကတော့ အာကသ (Space) ကိုပြောချင်တာပါ။
ဒီတော့ ဒီစာကိုမြင်ကြည့်ရရင် မြေထုနဲ့ရေထု၊ သူ့အောက်က လေထု၊ သူ့ အောက်မှာ အာကသ ပေါ့။
ဆိုတော့… ကမ္ဘာကြီးကို ပြောင်းပြန်ကြည့်ပြီး ပြောနေသလိုပါပဲ။

ဒါပေမယ့် ကမ္ဘာလုံးကြီးကို အပြင်ကနေကြည့်တဲ့အခါမှာ အာကသက အောက်မှာလို့ ပြောလို့ရသလို၊ အပေါ်မှာလို့လည်း ပြောလို့ရတယ်။
လေထုကိုလည်း ဒီအတိုင်းပဲပြောနိုင်တယ်။

As Above, So Below

အထက်ကောင်းကင်၊ အောက်ကောင်းကင်ဆိုတာကတော့ ကမ္ဘာရဲ့ပတ်ပတ်လည်မှာ အာကာသဟင်းလင်းပြင်ပဲရှိတာကို ဆိုချင်တာပါ။
ကမ္ဘာလည်နေတာကိုလည်း လေကပင့်ထားလို့ လည်တဲ့သဘောမျိုးပြောပါတယ်။
ကျန်တာတွေကတော့ အထွေအထူးရှင်းမပြတော့ပါဘူး။ ဖတ်ရုံနဲ့နားလည်ကြမှာပါ။

Science ကလက်ခံတဲ့ ကမ္ဘာကြီးဟာလည်း ခုလိုမျိုး ခပ်ဆင်ဆင်ပါပဲ။
ဆိုတော့… ကမ္ဘာကြီးဘယ်လိုစဖြစ်လာလဲပြောချင်ပါတယ်။

ကြယ်တွေသေသွားတဲ့အခါ Supernova ပေါက်ကွဲမှုဖြစ်ပြီး သူတို့မှာရှိသမျှ Elements တွေအကုန်လုံး တစ်စစီကွဲထွက်လာပါတယ်။ အဲ့ဒီအပိုင်းအစလေးတွေက Gas Cloud တွေဖြစ်သွားတာပါ။
(မြင်အောင်ပြောရရင် အဆောက်အအုံကြီးတစ်ခုကို တစ်စဆီဖြစ်အောင်ဖြိုချလိုက်တဲ့အခါ ဘိလပ်မြေမှုန့်၊ အုတ်မှုန့်၊ သဲမှုန့်တွေ ပြန့်ကျဲသွားသလိုပေါ့)

Supernova illustration

ဘုရားဟောတဲ့လေဆိုတာ Oxygen မဟုတ်ဘဲ Gas Cloud တွေလို့မြင်ကြည့်နိုင်ပါတယ်။ (ပါဠိကနေဘာသာပြန်တဲ့အခါ ဘာသာပြန်တဲ့သူအပေါ် များစွာမူတည်တဲ့အတွက် အတိအကျယူဖို့ခက်ခဲပါတယ်)

အဲ့ဒီ Gas Cloud တွေကပဲ Gravity ကြောင့်စုဝေးသွားပြီး ဂြိုလ်တွေကြယ်တွေပြန်ဖြစ်ကြတာပါ။
(မြင်အောင်ပြောရရင် အိမ်မှာတံမြက်စည်းလှဲတဲ့အခါ ကြမ်းပေါ်က ဖုန်လေးတွေကို သူ့ချည်းပဲဆိုမမြင်သာပေမယ့် လှဲရင်းလှဲရင်း စုသွားတဲ့အခါမှာ ထုထည်တစ်ခုဖြစ်သွားတာမျိုးပါ)

ဂြိုလ်တွေဖြစ်လာအောင် တံမြက်စည်းလိုမျိုး လုပ်ပေးတာက Gravity ပါပဲ။
ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးလည်း ဒီလိုပဲဖြစ်လာတာပေါ့။

Gas cloud fused to form a planet.

ဒီလို Gas Cloud တွေစုဝေးသွားရာကနေပြီး ကမ္ဘာလည်ပတ်မှုဖြစ်လာတာပါ။ ဆိုတော့… လေက သယ်ထားရလို့ ကမ္ဘာလည်နေရတယ်ဆိုတာလည်း မမှားပါဘူး။

အစိုင်အခဲစဖြစ်လာတော့ ကမ္ဘာကြီးက မီးခဲကြီးလိုပါပဲ။ ဘာလို့လဲဆိုရင် ကြယ်တွေ Supernova ပေါက်ကွဲမှုကနေ ဓာတ်ရောင်ခြည် (radiation) တွေအများကြီးထွက်ပါတယ်။
ပြီးတော့ အဲ့ဒီအချိန်မှာ ဥက္ကာခဲတွေကလည်း ကမ္ဘာပေါ်ကို ကျရောက်ပေါက်ကွဲနေကြပါတယ်။
ဘယ်လောက်တောင် ပူသလဲဆို အဲ့ဒီအချိန်မှာ ကမ္ဘာဆီကို အလည်လာရင် အရာရာက ချော်ရည်ပူတွေဖြစ်နေတာမို့ ခြေချစရာနေရာတောင် ရှိမှာမဟုတ်ပါဘူး။

အရည်တွေရဲ့ထုံးစံအတိုင်းပဲ လေးတဲ့ကောင်ကအနည်ကျသွားပြီး သူ့ထက်ပေါ့တဲ့ကောင်က အပေါ်ရောက်လာတာကြောင့် ကမ္ဘာမှာ အလွှာတွေအထပ်ထပ်ဖြစ်နေတာပါ။

Layers of Earth

အဲ့ဒါကြောင့် ကမ္ဘာရဲ့အလယ်မှာ Iron Core ဖြစ်သွားပြီး ကမ္ဘာရဲ့ ဝန်ရိုးစွန်း ၂ခုမှာ သံလိုက်စက်ကွင်းတွေ ပေါ်လာခဲ့တယ်။
ဒီသံလိုက်စက်ကွင်းကြောင့် ဓာတ်ရောင်ခြည်တွေရဲ့ ဒဏ်ကနေ သက်သာရာရသွားတယ်။ (ဒါသာမရှိရင် သက်ရှိတွေဖြစ်လာမှာတောင် မဟုတ်ပါဘူး)

Magnetic Fied of the Earth Illustration

အဲ့ဒီအချိန်မှာ ကမ္ဘာကို ဥက္ကာပျံတွေ ဝင်တိုက်တာတွေ နည်းလာတယ်။
ဒီလိုနဲ့ ကမ္ဘာကြီးက တဖြည်းဖြည်းအေးလာတယ်။

ချော်ရည်တွေအေးသွားတော့ ကျောက်ခဲတွေ၊ မြေကြီးတွေဖြစ်ကုန်တာပေါ့။
အစပိုင်းတုန်းကတော့ မြေကြီးတွေက တစုတစည်းတည်းရှိခဲ့ကြတာပါ။ Supercontinent or Pangaea လို့ခေါ်တယ်။

ခုခေတ်မှာလို တိုက်ကြီး ငါးတိုက်ဆိုပြီး ကြားထဲမှာ ရေတွေခြားနေခဲ့တာမဟုတ်ဘူး။ တိုက်ကြီးတွေက ခေတ်ကာလကြာညောင်းလာတာနဲ့အမျှ အချင်းချင်းကွဲသွားကြတယ်။ ဒါကို Continental Drift လို့ခေါ်တယ်။ (အကြောင်းရင်းကို စာရှည်မှာကြောက်လို့ ထည့်မရေးတော့ပါ)

ရေတွေကရော ဘယ်ကဖြစ်လာသလဲ။
ပညာရှင်တွေ ယူဆကြတာကတော့ ရေတွေက ဥက္ကာခဲတွေဆီကနေပါလာတယ်လို့ဆိုတယ်။

Meteor containing water

အစောပိုင်းကာလတွေမှာတော့ ချော်ရည်တွေထဲမှာရောက်နေတာပေါ့။
ရေသံသရာလည်တဲ့အကြောင်းကို ငယ်ငယ်ကသင်ဖူးတာမှတ်မိကြဦးမှာပါ။
ပူတော့ အငွေ့ပျံတယ်၊ အေးတဲ့နေရာမှာ ငွေ့ရည်ပြန်ဖွဲ့တယ်၊ တိမ်တွေဖြစ်သွားတယ်၊ မိုးအဖြစ်နဲ့ပြန်ရွာချတယ်။
ဒီလိုနဲ့ပဲ ကမ္ဘာကြီး ပိုပိုအေးလာတယ်။ ကြာလာတော့ သမုဒ္ဒရာကြီးဖြစ်လာတယ်။

Water Cycle

Photosynthesis လုပ်နိုင်တဲ့ စိမ်းပြာရေညှိလေးတွေ ဖြစ်လာတဲ့အခါမှာတော့ သူတို့ကြောင့် သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Oxygen ကိုစပြီး ရလာတယ်။

Cyanobacteria

ဒီလိုနဲ့ သူတို့ကနေ ရေနေသတ္တဝါတွေဖြစ်လာတယ်၊ သူတို့တွေ ကုန်းပေါ်တက်လာတဲ့အခါ ကုန်းနေရေနေသတ္တဝါတွေဖြစ်လာတယ်၊ နောက်ဆုံးမှာတော့ လူအပါအဝင် မြေပေါ်မှာနေတဲ့ ကုန်းနေသတ္တဝါတွေဖြစ်လာကြတယ်။

ဒီလိုနဲ့ သက်ရှိတွေ အများအပြား ကမ္ဘာမှာ ဖြစ်လာခဲ့တာပါ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

2 thoughts on “ဗုဒ္ဓဟောခဲ့တဲ့ ကမ္ဘာနဲ့ Science ကပြောတဲ့ကမ္ဘာတူလား?

  1. မြတ်စွာဘုရားနဲ့တကွ မထေရ်မြတ်တို့က Earth တစ်ခုတည်းရဲ့ ဖြစ်ပုံကို မဆိုလိုခဲ့ပါ။ ဒီ earth နဲ့တကွ အထက်အောက်ဝန်းကျင် ဘုံဌာနများ အပါအဝင် စကြဝဠာတစ်ခု (၃၁ ဘုံ set) တစ်ခုရဲ့ ဖြစ်ပုံ၊ ချုပ်ပုံတွေကို ဟောခဲ့တာ၊ အကျယ်ဖွဲ့ပြခဲ့တာ ဖြစ်ပါတယ်။

    စကြဝဠာတစ်ခု ပျက်စီးတဲ့အခါ မီး၊ ရေ၊ လေတို့တွင် တစ်နည်းနည်းနဲ့ ပျက်စီးကြောင်း၊ ဆရာမြတ်တို့ မိနိ့ဆိုခဲ့ပါတယ်။ စကြဝဠာတစ်ခု ပျက်စီးတဲ့အခါ သူနဲ့အတူ စကြာဝဠာ ကုဋေတစ်သိန်း ပက်ျစီးပါတယ်။
    (ယခုခေတ် ဆရာတွေက စကြဝဠာကို galaxy တစ်ခုလို့ ယူဆကြပါတယ်၊ ဒါက အနီးစပ်ဆုံးပါ။ Solar System ကို စကြဝဠာတစ်ခုလို့ ယူတာထက် ပိုပြီး သင့်မြတ်ပါတယ်)

    မီးနဲ့ဖျက်တဲ့အခါ ပထမဈာန် ၃ ဘုံအထိ ပျက်စီးပါတယ်။
    ရေနဲ့ဖျက်တဲ့အခါ ဒုတိယဈာန် ၃ ဘုံအထိ ပျက်စီးပါတယ်။
    လေနဲ့ဖျက်တဲ့အခါ တတိယဈာန် ၃ ဘုံအထိ ပျက်စီးပါတယ်။

    စကြဝဠာတစ်ခု ပျက်စီးရာ အချိန်သည် အသင်္ချေယျကပ်တစ်ကပ် ကြာပါတယ်။

    ပျက်ပြီးတဲ့အတိုင်းကြီး ဖြစ်နေတာက အသင်္ချေယျကပ်တစ်ကပ် ကြာပါတယ်။

    စကြဝဠာ ပြန်တည်ဆောက်ချိန်က အသင်္ချေယျကပ်တစ်ကပ် ကြာပါတယ်။

    စကြဝဠာ ပြန်တည်ဆောက်ပြီး ဒီအတိုင်းဖြစ်နေတဲ့အချိန် (ဗြဟ္မာအချို့နဲ့ ကာမဘုံသား သတ္တဝါတွေ နေနိုင်ချိန်) က အသင်္ချေယျကပ်တစ်ကပ် ကြာပါတယ်။
    (‌ဒီအသင်္ချေယျကပ်ကုန်သွားရင် အချိန်ကြာလာတာနဲ့အမျှ အိုလာတာကြောင့် စကြဝဠာက ပြန်ပျက်စီးပါတယ်)

    စကြဝဠာရဲ့အစမှာ ကမ္ဘာပြုမိုးရွာပြီးတဲ့နောက် ရေပြင်ကြီးသာ ရှိတဲ့အချိန်မှာ ကြာပေါက်တာပါ။ (ရေရှိရင် ကြာပေါက်သလိုပါ) ကြာပန်းထဲမှာလည်း ပွင့်မယ့် ဘုရားအရေအတွက်အလိုက် ပရိက္ခရာတွေ‌ပါပါတယ်။ မဖြစ်နိုင်ဘူးလို့ ထင်စရာဖြစ်ပေမယ့် သဘာဝတရားတွေရဲ့ ဆန်းကြယ်မှု တစ်မျိုးပါပဲ။ (ဓမ္မနိယာမ လို့ခေါ်နိုင်ပါတယ်)

    စကြဝဠာတစ်ခု အသစ်ဖြစ်ပြီး ဒီအတိုင်း တည်နေတဲ့အချိန်မှာ ‌အထက်ဗြဟ္မာ့ဘုံက ဗြဟ္မာကြီးတွေ စုတေပြီး လူဖြစ်ပါတယ်။ ဘယ်သူက မွေးပေးသလဲဆိုရင် ဘယ်သူကမှ မမွေးပေးပါဘူး။ ယခုခေတ်မှာ လူတွေသိထားတဲ့ ပဋိသန္ဓေနေပုံ ၃ မျိုးသာ ရှိပါတယ်။ ကျမ်ဂန်းများမှာ ၄ မျိုးကို ပြထားပါတယ်။
    (၁) ဥ
    (၂) အညှိ
    (၃) အမိဝမ်း
    (၄) ကိုယ်ထင်ရှား ဘွားခနဲ ပေါ်
    ….. စကြဝဠာအစ ကမ္ဘာဦးလူ (အာဒိကပ္ပိက) တွေက နောက်ဆုံးနည်းနဲ့ ပဋိသန္ဓေနေပါတယ်။

    ဘာတွေဆက်ဖြစ်သလဲကို ဘုရားဟော ဒီဃနိကာယ် ပါထိကဝဂ် အဂ္ဂညသုတ်မှာ ဖတ်နိုင်ပါတယ်။

    သေက္ချတောင်ဆရာတောင်ရဲ့ ပဏ္ဍိတဝေဒနီယကျမ်းမှာလည်း ပြဆိုထားပါတယ်။

    ပါမောက္ခချုပ်ဆရာတော်ကြီး ရှင်းပြထားတာလည်း ရှိပါတယ်။

    Advice;
    ‌အဘိဓမ္မာ လေ့လာဖို့ အကြံပြုလိုပါတယ်။ အဘိဓမ္မာမှာ စကြဝဠာအကြောင်းလောက်ကို ပဓာနမထားဘဲ သဘာဝတရားတွေ (စိတ်၊ စေတသိက်၊ရုပ်၊ နိဗ္ဗာန်) အကြောင်းကို အသေးစိတ် ဟောထားပါတယ်။ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ philosophy ဆန်ပါတယ်။ psychology ကိုလည်း အသေးစိတ် ပြောထားပါတယ်။

    ဥပမာ ‌- ကြောင်တစ်ကောင်မှာ စိတ်အမျိုးအစား ဘယ်လောက်ဖြစ်နိုင်သလဲ၊ ဘယ်စိတ်အမျိုးအစားတွေလဲ ဆိုတာကအစ ရှင်းပြထားပါတယ်။

    Like

    1. အကြံပေးတာကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ဆက်လေ့လာဖို့ရှိပါတယ်။
      ဘုရားဟောကို သိပ္ပံနဲ့ရှင်းရတာ ခက်ပါတယ်။ ခုခေတ်မှာ လူတွေကလည်း ယုံစရာ အကြောင်းရှိမှ ယုံမယ်ဆိုတော့ ဘုရားဟောတွေကို ဖတ်မိရင် မဟုတ်တာတွေဆိုပြီး ပြောတတ်ကြပါတယ်။
      ဒီတော့ ပထမအဆင့်အနေနဲ့ လူတွေလက်ခံတဲ့ သိပ္ပံနဲ့ စလိုက်တာပါ။
      တကယ်သိချင်ရင် တကယ်လိုက်လုပ်မှ ရမယ်ဆိုပေမယ့် အဲ့လိုလုပ်ဖို့အတွက် ယုံကြည်မှုဓာတ်ခံလေးက လိုသေးတာကြောင့် ခုလိုရေးလိုက်တာပါ။
      ဖတ်ပြီးတော့ လူတွေက ပိုပြီးယုံကြည့်သွားလား၊ ပိုပြီးမယုံကြည်သွားလား ဆိုတာတော့ မပြောတတ်ဘူးဗျာ။

      Like

Leave a comment

Design a site like this with WordPress.com
Get started