BBC navigation

မြန်မာပြည်က လေယာဉ်ကွင်းတွေ ပြန်ပြင်သုံးမယ်

နောက်ဆုံး ရေးသားချိန် 1 နိုဝင်ဘာလ 2012 - 00:43 GMT

နိုင်ငံတကာ အဆင့်မြင့် လေယာဉ်ကွင်းတခုရဲ့ အတွင်း မြင်ကွင်း

မြန်မာနိုင်ငံမှာ လေယာဉ်ကွင်းပေါင်း ၆၉ ကွင်းရှိတဲ့အထဲက အသုံးမပြုဘဲ ရှိနေတဲ့ လေယာဉ်ကွင်း ၃၇ ကွင်းကို ပြန်လည်ပြုပြင်ပြီး အသုံးပြုသွားမယ်လို့ လေကြောင်း ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

လာမယ့်နှစ်မှာ မာန်အောင် လေယဉ်ကွင်းနဲ့ ကချင်ပြည်နယ်၊ နောင်မွန် လေယာဉ်ကွင်း အသုံးပြုနိုင်အောင် စတင်လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ လေကြောင်း ဦးစီးဌာန၊ လေဆိပ် ဆောက်လုပ်ရေးဌာနက တာဝန်ရှိသူက ပြောပါတယ်။

ဒါအပြင် ကိုကိုကျွန်းလေဆိပ်ကိုလည်း ဦးစားပေး ပြင်ဆင်မယ့် အထဲမှာ ပါတယ်လို့ ဆိုပါတယ်။

ခရီးသည်တွေ အသွားအလာ များလာတာကြောင့် လေယာဉ်ကွင်းတွေကို ပြန်ပြင်ပြီး အသုံးပြုဖို့ ပြင်ရတာ ဖြစ်တယ်လို့ လေကြောင်း ဦးစီးဌာန လက်ထောက်ညွှန်ကြောင်း ရေးမှူး ဒေါ်နွယ်နီဝင်းကျော်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းခရီးစဉ်တွေ သွားလာသူ အခုနှစ် ဇန္နဝါရီလကနေ စက်တင်ဘာလအထိ လူပေါင်း ၈ သိန်းနီးပါး ရှိပါတယ်။

ရန်ကုန်လေဆိပ်ကို နိုင်ငံခြားကနေ လာတဲ့သူ မြန်မာရော နိုင်ငံခြားသားပါ ဇန္နဝါရီလကနေ စက်တင်ဘာလ အထိ ၁ သန်း ၃ သိန်းကျော် ရှိပြီး ခန့်မှန်းခြေ တဝက်ကျော်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။